(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
အာဂလူသား
ဟေ့...ဒီမှာကံတရား
မင်း...ငါ့အသွေးကို စုပ်ယူလိုက်ရုံမျှနဲ့
သို့တည်းမဟုတ်...
မင်း...ငါ့အသားကို လှီးယူလိုက်ရုံမျှနဲ့
သို့တည်းမဟုတ်
မင်း...ငါ့နှလုံးသားကို ထုတ်ယူလိုက်ရုံမျှနဲ့
သို့တည်းမဟုတ်
မင်း...ငါ့ဦးဏှောက်ကို ဖောက်ထုတ်လိုက်ရုံမျှနဲ့
သို့တည်းမဟုတ်
မင်း...ငါ့စလွယ်ဝင်အိုးကို ရိုက်ခွဲလိုက်ရုံမျှနဲ့
သို့တည်းမဟုတ်
မင်း...ငါ့တက်လမ်းကို ခြေမွလိုက်ရုံမျှနဲ
သို့တည်းမဟုတ်
မင်း...ငါ့ခြေထောက်ကို ချုပ်နှောင်လိုက်ရုံမျှနဲ့
သို့တည်းမဟုတ်
မင်း...ငါ့လက်တွေကို ရိုက်ချိုးလိုက်ရုံမျှနဲ့
သို့တည်းမဟုတ်
မင်း...ငါ့မျက်လုံးကို ဖောက်ထုတ်လိုက်ရုံမျှနဲ့
သို့တည်းမဟုတ်
မင်း...ငါ့ပါးစပ်ကို ဆွံ့အစေလိုက်ရုံမျှနဲ့
သို့တည်းမဟုတ်
မင်း...ငါ့နားတွေကို ပိတ်ဆို့လိုက်ရုံမျှနဲ့
သို့တည်းမဟုတ်
မင်း...ငါ့ဘဝနဲ့ဓနဥစ္စာတွေ လွင့်စင်စေရုံမျှနဲ့
ငါ့ရဲ့ ခိုင်မာနေတဲ့ ယုံကြည်ချက်တွေ
ပြောင်းပြန်လှန်လိုက်ရတော့မှာလား
ဟား တိုက် လို့ ရယ် မော ပြီး
လောကကို ခါးစောင်းတင်ပြလိုက်ချင်ရဲ့
ငါ့ ဟဲ့ အာ ဂ လူ သား.......။
Read User's Comments(0)
~~အဖြူရောင် စည်း~~
အဖြူရောင်ရဲ့ သန့်ရှင်းတဲ့
အဝင်းအဝိုင်းမှာ အနားသက်ကို
တည်ကြည်ခြင်းဆိုတဲ့ အပြာရာင်နဲ့
စည်းတားထားတယ်
အလည်ဗဟိုမှာ ရင်းနှီးကျွမ်းဝင်တဲ့
ငါတို့ သူငယ်ချင်း တသိုက်ရှိတယ်
ဟန်ပန်တွေက်ို ခဝါချပြီး
ပျော်ရွှင်ခြင်း အသီးပွင့်တွေ
အညီအမျှ ခွဲဝေစားသောက်
အပြုံးပန်းတွေ ကိုယ်စီနဲ့ပေါ့
လွတ်လတ်မှုတွေ ရှိသလို
ပေါ့ပါးမှုတွေ သရုပ်ဆောင်တယ်
ယုန်ထင် ကြောင်ထင် တွေ မရှိဘူး
အားလုံးဟာ ရိုးသားကြတယ်
ရိုင်းပင်းကူညီမှုကို အသားပေး
ယုံကြည့်မှုနဲ့ တည်ဆောက်တဲ့
ခိုင်မြဲမယ့် ချစ်ခြင်းနဲ့ တည်တယ်
သယ်ရင်း မင်း မယုံရင်
ငါတို့ စည်းဝိုင်းထဲ မင်းလှမ်းလာခဲ့ပေါ့
ကြိုဆိုလျှက်ပါ သူငယ်ချင်း ...
***ချစ်ချင်းမေတ္တာနဲ့ချည်တဲ့ကြိုး***
မှန်ကန်တဲ့စကားတွေဆိုတဲ့အခါ
သစ္စာတရားကို ချည် လို့ ရတယ်***
သဘောထားကြီးတဲ့စိတ်နှလုံး ရှိတဲ့အခါ
ပျော်ရွှင်ခြင်းကို ချည် လို့ရတယ်***
ခွင့်လွှတ်တတ်တဲ့စိတ်နှလုံးရှိတဲ့ အခါ
ကျန်းမာခြင်းကို ချည် လို့ရ တယ်***
ကိုယ်ချင်းစာတဲ့စိတ်နှလုံးရှိတဲ့အခါ
ငြိမ်းချမ်းခြင်းကို ချည် လို့ရတယ်***
ကလေးတယောက်လိုစိတ်နှလုံးရှိတဲ့အခါ
နုပျိုခြင်းကို ချည် လို့ရတယ်***
ကိုယ်ပေးလိုက်တာနဲ့ပြန်ရတတ်တာ ဆတူဆိုရင်
အဲဒီအရာတွေကို ချည် ထားဖို့လိုတယ်***
ကိုယ်ပေးလိုက်တာနဲ့ပြန်ရတတ်တာ အဆမတန်ဆိုရင်
တော့ အဲဒီအရာတွေကို ဖြည် ချထားဖို့ လိုအပ်တယ်***
သစ္စာမရှိတဲ့သူအတွက်ကတော့
အပူတစ်ခုလို အချိန်ကြာလေ
တောက်လောင်လေပါပဲ
လွှတ်ချလိုက်ပါ***
မနက်ဖြန်မှာတိုင်းမှာ
တောက်ပတဲ့ကောင်းကင်သစ်နဲ့
နေ့စွဲအသစ်တွေက စောင့်ကြိုနေမြဲပါ***
ခ ဏ လေး ပါ ကွာ
Labels:
poem
ခဏလေးပါ ခဏလေးပါကွာ
အလွမ်းတွေခင်းတဲ့လမ်းမှာ
ငါ လျှောက်လှမ်းနိုင်တဲ့အထိ
ခဏလေးဖြစ်ဖြစ် စောင့်နေပေးပါ ။
ခဏလေးပါ ခဏလေးပါကွာ
အဆွေးတွေ ပြည့်နှက်နေတဲ့
ငါ့ဘဝအခန်းကျဉ်းငယ်ထဲ
နေသားတကျဖြစ်တဲ့အထိ
အဖော်အဖြစ် ခဏတာလေး
အတူရှိနေပေးပါကွာ ။
ခဏလေးပါ ခဏလေးပါကွာ
နှလုံးအိမ်ကလျှံထွက်လာတဲ့
ငါ့ပါးပြင်ထက်က နှလုံးသွေးတွေ
ခြောက်သွေ့သွားတဲ့အထိ
ခဏလေးကြည့်သွားအုံးကွာ ။
ခဏလေးပါ ခဏလေးပါကွာ
ငါ့တို့ရဲ့ချစ်ခြင်းဒိုင်ယာရီမှာ
အတူရေးထိုးခဲ့တဲ့
ချစ်နေ့စွဲမှင်စိုစိုတွေ
အေးခဲ့သွားတဲ့အထိ
ခဏလေးဖြစ်ဖြစ် စောင့်နေပေးပါ ။
ခဏလေးပါ ခဏလေးပါကွာ
ငါ့ဘဝရှင်သန်ရာ လမ်းကြောင်းမှာ
သတိရတိုင်း ငေးကြည့်စရာ
မင်းခြေရာတစုံကျန်အောင်
ခဏလေးဖြစ်ဖြစ် ဆက်ရပ်နေပေးပါ
ရိုးရိုးလေးပဲတောင်းပန်ပါတယ်
ခဏတာလေးဖြစ်ဖြစ်
အတူရှိနေခွင့်လေးပေးပါကွာ ။
ခ ဏ လေး ပါ နွေ
Labels:
poem
ခဏလေးပါနွေ ခဏလေးပါ
နှင်းတွေဝေလို့ မဝသေးပါဘူး
တော်ဝင်တဲ့သဇင်လည်း သင်းနေဆဲပါ
ရှေ့လေအသော့မှာ ဝှေ့လာတဲ့
ဆောင်တော်ကူး ရနံ့တွေလည်း
ဝတ် မှုန် ကူး နေ တုန်း မို့ ပါ
အဆော့လွန်တဲ့ လေပွေအနော့မှာ
ညမွှေးပန်းတွေလည်း မြူးနေဆဲပါ
လရောင်ကွေးကွေးအောက်မှာ
ကာလသားတွေလည်း ဝိုင်းဖွဲ့မီးပုံ
တေးသီညည်းချစ်ကြိုးသွယ်နေတုန်းမို့
အိပ်ချင်မူးတူးနဲ့ပဲ စောင်ပုံအောက်က
ကွေး ထား တဲ့ ကိုယ် လုံး ကို
အ နည်း ငယ် မ လှုပ် ရဲ လှုပ် ရဲ နဲ့
စိတ် ထဲ က ပဲ ဆု တ ခု ကို
ကြိတ်ဆုတောင်းပါတယ်
ခဏလေးပါနွေ ခဏလေးပါပဲ
နှင်းတွေကြွေလို မကုန်သေးသလို
ပန်းတွေလည်းဝေလို့ မကုန်သေးပါဘူးဗျာ ။
စက္ကန့်တွေကို ချိုမြိန်ခွင့်ပြုပါ
Labels:
poem
လွတ်လပ်သော ရင်ဘတ်တွေဖြင့်
ပန်းတိုင်ရှိရာသို့ စီးဆင်းကြမယ်
နှစ်ဆယ့်တစ် ရာစုအတွက်
ရုပ်ကြွင်းအဘိဓာန်တွေ သားနားဖို့
ပူလောင်နေတဲ့ ငါတို့ရင်ဘက်တွေကို
စတေးလိုက်ရတဲ့ ငြိမ်းချမ်းအရေးအတွက်
စက္ကန့်တွေကို ချိုမြိန်ခွင့်ပြုပါတော့ ။
ပြာယာခတ်စွာနဲ့ ငါ့တို့ကမ္ဘာမှာ
အပြုံးပန်းခင်းတွေ မရှင်သန်နိုင်တာ
ရာ စု နှစ် နီး နီး ကြာ ရှည် ခဲ့ ပြီ
ယုံကြည်ရာဝါဒတွေက မုသားမဲ့ပေမယ့်
သုခတွေအတွက်တော့ ဗျာပါဒမို့
စက္ကန့်တွေကို ချိုမြိန်ခွင့်ပြုပါတော့ ။
ဝါသနာအရ မဟုတ်တဲ့စစ်ပွဲတွေမှာ
အ မေ ထည့် ပေး လိုက် တဲ့
ခြေလက်တွေ ရင်းလိုက်ရပေမယ့်
ရူးသွပ်သူရဲ့ ရယ်မောသံကလွဲပြီး
နှလုံးသားကအပြုံးစစ်စစ်တွေ
သေနတ်ပြောင်းဝထဲခုန်ချကုန်ပြီမို့
စက္ကန့်တွေကို ချိုမြန်ခွင့်ပြုပါတော့ ။
ဘုရင့်နောင် ဖောင်ဖျက်ပြီးတိုက်ခဲ့တဲ့
နောင်ရိုးတိုက်ပွဲကို အားကျပေမယ့်
အမေမျက်ရည်ကျခဲ့တဲ့ တိုက်ပွဲကိုတော့
ခါး သီး စွာ နဲ့ ပဲ စိုး ရွံ့ မိ တာ မို့
အမေတိုင်း အပြုံးပန်းတွေဝေလာဖို့
စက္ကန့်တွေကို ချိုမြိန်ခွင့်ပေးပါ။။
နှလုံးသားမဲ့တဲ့ စာခြောက်ရုပ်
Labels:
poem
ဖန်ဆင်းရှင်တစ်ယောက်ရဲ့
ပြီးစလွယ်သွတ်သွင်းခဲ့တဲ့
စာခြောက်ရုပ်ရဲ့ ရင်ထဲကဝိညာဉ်လို
စက္ကန့်တွေကို ချိုမြိန်စွာစားသုံးဖို့ရာ
ငါ့ရင်ထဲမှာ နှလုံးသားကအင်္ဂါမစုံခဲ့ဘူး ။
တကယ်ပါ ဘုရားစူးပါရဲ့
ပျော်ရွှင်ခြင်းတွေ ကြေးစည်ထုပြီး
အ မျှ ဝေ ခဲ့ ရင် တောင် မှ
သာဓုခေါ်ဖို့အရေး ငါ့ရင်ထဲမှာ
ခံစားတက်တဲ့ အသည်းနှလုံး
မပြည့်စုံခဲ့တာက အမှန်ပါ ။
စက္ကန့်တွေကိုချိုမြိန်ဖို့အရေး
မကြာမကြာလုပ်ဖြစ်တဲ့
ခါးထိုးပြီး ဟန်လုပ်ပြုံးဖြစ်တယ်
အသက်ပါမလာခဲ့ပေမယ့်
ခဏတာတော့ လှလာသားပါပဲ ။
ဖိတ်တစ်ဝက် စင်တစ်ဝက်
ပြိုကျနေတဲ့ သက္ကရာဇ်တွေ
ငါ့ဖက် လျှောကျမလာခင်
ကဲ............ ဖန်ဆင်းရှင်ရေ
လူဖြစ်ခွင့်ပေးတာကိုတော့
ကျေးဇူးတင်ပါရဲ့ ဒါပေမယ့်
နက္ခတ်တာရာတွေစုံတဲ့နေ့
အပြုံးတစ်ပွင့် ပြုံးတက်လာအောင်
နှလုံးသားတစ်စုံကိုတော့ဖြင့်
ထည့်ပေးခဲ့သင့်ပါတယ် ။
အဝေးရောက်သား
Labels:
poem
အနောက်ယွန်းယွန်းမှာ
နေဝန်းကမေးတင်လို့
တိမ်တွေတောက်တိုင်း
အမေမျှော်နေမှန်း သိပါတယ် ၊၊
နရိုင်းသွင်းချိန်တိုင်း
ကောင်းကင်မှာ ပုဇွန်ဆီရောင်တွေ
တအိအိပြိုပြိုကျလာတာ
အမေ့မျက်ရည်တွေရောနေမှန်းသိတယ် ၊၊
အိပ်တန်းဝင်ငှက်တို့
ကောင်းကင်မှာ လွင့်မျောတိုင်း
အမေ့ သက်ပြင်းနုနုတွေ
ဆို့နင့်နေမှန်း သိပါတယ် ၊၊
သားသိတယ် မေမေ
သား လေး သိ ပါ တယ်
အိမ်ပြန်နောက်ကျတဲ့သား
အမေမျှော်နေမှန်း သိပါတယ် ၊၊
လောက ခရီးကြမ်းမှာ
အလည်လွန်တာ မဟုတ်ပါဘူး
အိမ်မက်ထဲက ပုံရိပ်တွေ
အနာဂတ်ရဲ့ မနက်ဖြန်မှာ
အရောင်တောက်လာဖို့အရေး
ဝေးရတာမို့ ခဏလေးပါမေမေ
ခဏလေးပါပဲ မေမေရယ် ၊၊
မင်းတို့ပြောတဲ့ခေတ်
Labels:
poem
ခေတ်ရေ တသွင်သွင်စီးဆင်းသံမှာ
ယဉ်ကျေးမှု့ ကမ်းပါးတွေပြိုဆင်းကုန်ပြီ
မင်းတို့ပြောတဲ့ ခေတ်ဆိုတာကြီးက
ဖြူနီပြာဝါအတိုအထွာ ဝတ်မှပေါ့လေ
ဒီလိုမပေါ်တပေါ်ဝတ်မှ ခေတ်မှီတယ်ဆိုရင်
ငါတို့ရိုးရာယဉ်ကျေးမှု့ကို
ဘယ်သူ လာထိန်းမှာတဲ့လဲကွာ ၊၊
ဖုံးရင်ပေါ် ပေါ်ရင်ဖုံးနဲ့ အမြင်မတော်တာ
အများပါကွာလို့ဆိုတဲ့ ဆင်ခြေတွေနဲ့
အပ် ကို ဦး ပဲ့ ထမ်း ရင်
အရောင်တက်မလာတဲ့ အသိဉာဏ်ကို
ဘယ်ကျောင်းကမှ မွေးထုတ်ခဲ့မှာ မဟုတ်ဘူး ၊၊
ရှား ပါး ပြီး မြင် ရ တဲ့
ကိန်းဂဏန်တွေမှ တန်ဖိုးရှိတာလား
ဒါဆိုရင် ငါတို့ရဲ့ရိုးရာယဉ်ကျေးမှု့ကို
သေဲသာင်ပြင်မှာ ပစ်လိုက်ရမှာပေါ့လေ ၊၊
ဘုရားရေ အောက်ပါတယ်လို့
မင်းတို့ ခဏခဏ သုံးတယ်နော်
ဒါဆိုရင် မပေါ်တပေါ်ဝတ်မှ
အထက်တန်းစားပေါ့ ဟုတ်လား ၊၊
နေပါစေတော့ကွာ ချာတိတ်တို့ရာ
မင်းတို့ပြောတဲ့ အထက်တန်းက်ို
ငါတို့မလိုက်တော့ဘူး
ငါ့ညီမလေးတွေကိုလည်း
မထည့်လိုက်ချင်သလို
မင်းကိုလည်း မလိုက်သွားစေချင်ဘူး ၊၊
အတုယူမှတော့ အတုပဲရတော့မှာပေါ့
မြင်အောင်ကြည့်တက်ရင်
တို့မြန်ပြည်မှာ အစစ်တွေရှိနေပါတယ်
ချာတိတ်တို့ရာ ၊၊
စက္ကန့်တွေတိုင်း ချိုမြိန်ခြင်းတွေနဲ့ အတိပြီးပြည့်စုံနိုင်ပါစေ
🏠 အိမ် 🏠
Labels:
poem
အိမ်တဲ့ဗျာ သြရသအတွက်
စကားလေးတစ်ခွန်းထဲမို့သာပဲ
ရင် နဲ့ ယက် လုပ် ထား တဲ့
သံယောဇဉ်ကြိုးတွေကတော့
ရုန်းမထွက်ဝံ့လောက်အောင်ပါ ။
ဘော်ဒါတွေစနေကြသလို
ဟိုင်း နေ ပါ ပြီ
ဝါကျွတ်လည်း ကျွတ်ပြန်ပြီ
ဝါဝင်တော့လည်း ဝင်ပြန်ပြီပေါ့
ဆိုလိုတာကိုသိပါတယ် ဒါပေမယ့်
အလေ့ကျမပေါက်တဲ့ ရှေရေးမှာ
မပြေလည်တဲ့မိသားစုအတွက်
ဦးစားပေးနေရတဲ့ အရာတွေက
ဖေဖေရယ်မေမေရယ်ပြီးတော့
ညီမလေးနဲ့ ညီလေးတွေရယ်ပေါ့ ။
မအောင်မြင်သေးတဲ့ ကြုံးဝါးသံတွေ
မိုးလေမလုံခြုံတဲ့ အိမ်အမိုးမှာ
ကျိုးပဲ့နေတဲ့ ကြမ်းခင်းပြင်မှာ
ဆွေးလုလု ဝါးထရံပေါ်မှာ
ပြီးတော့ နှလုံးသားရဲ့နံရံထက်မှာ
ပဲ့တင်သံတွေ မြည်ဟီးနေတော့တယ်ဗျာ ။
စက္ကူပန်းလေး
Labels:
poem
ပန်းတော့ပန်းပါ မျက်နှာငယ်တဲ့ပန်းပေါ့
သင်းကြိုင်တဲ့ ရနံ့မရှိတာကလွဲလို့
အရောင်သွေးစုံတဲ့ပန်းလေးပေါ့
ကံခေချင်တော့ စက္ကူတဝက်နှောတဲ့
စက္ကူပန်းလေးပေါ့ကွယ် ။
ဟုတ်တယ် စက္ကူပန်းပါ
တန်ဖိုးထား ပန်သူလည်းကင်း
မွှေးကြူသူလည်း ဝေးလေတော့
မျက်နှာမွဲစွာ အလှဆုံးပဲပွင့်မိတဲ့
စက္ကူပန်းလေးပေါ့ကွယ် ။
ရင်ဝယ်၌ အထွေးမခံဖူးသလို
ကေသာ၌လည်း မစံံံခဲဖူးပါဘူး
ကဗျာဆန်တဲ့ လိပ်ပြာတွေလည်း
တခါဆိုတခါလေးမှ မသန်းခဲ့ပါဘူး
ဒါပေမယ့် အရောင်စုံအောင်တော့
အလှဆုံးပွင့်တဲ့ စက္ကူပန်းပေါ့ကွယ် ။
တချို့ကပြောသလို အဆင်းသာရှိပြီး
အချင်းမရှိ ရနံ့နတ္တိပါပဲ ဟုတ်တယ်
အဖိုးအနဂ္ဂမထိုက်တန်တဲ့ပန်းပေါ့
ဒါ ပေ မယ့် စိတ်နာ နာ နဲ့ ပဲ
အလှဆုံးအပြုံးပန်းတွေ လှိုင်လှိုင်ပွင့်တဲ့
စက္ကူပန်းလေးပေါ့ကွယ် ။
သူဝှက်
Labels:
poem
သံချေးအထပ်ထပ်နဲ့
ရပ် တည် ခြင်း ၌
အနာဂတ်မဲ့တဲ့ဝိညာဉ်ကို
မိုးခါးရေနဲ့ သန့်စင်လို့
အသစ်ဖြစ်မလာတဲ့
အသိညာဏ်အတွက်
ည အ မှောင် နဲ့
ဝမ်းမီးကို အသက်သွင်း
ကျရှုံးရတဲ့ ကိုယ်ကျင့်တရားက
ဆိုက်ကားဆရာတယောက်ရဲ့
ဘောင်းဘီအိပ်ကပ်ထဲက
တစ်ရာတန်အနွမ်းလောက်
မ ဖြူ စင် ခဲ့ ပါ ဘူး ။
ကမ်း ပြို မှာ ဆိုး တဲ့
မြစ်ကမ်းနှဖူးက သစ်ပင်ရိုင်းလို
ပြိုလဲမယ့် နေ့ရက်တွေကို
ဘ ဝ က တိုက် စား
ရှေ့ရေးဆိုတာ မှုန်ရီဝေဝါးနဲ့
နေ့စဉ် ထ မင်း ဟင်း က
အခြေခံလူတန်းစားတွေအတွက်
ရှားပါးကုန်ကြမ်းလို
ကံတရားက ဂရုဏာတရားထားဖို့
မေ့နေလေလျော့လား
ငါ့မှာတော့ညအမှောင်မှာ
အဟောင်ကြမ်းတဲ့
ခွေးလေခွေးလွင့်လောက်
ကံမကောင်းတော့ ဒီဘဝတော့
ဒီမျှနဲ့သာ ရှိစေအုံးတော့
အို.............. ကံတရားရယ် ။
ဘဝဆိုတာဒီလိုပါပဲ
Labels:
poem
သက်တူရွယ်တူမြင်တိုင်း
ခေါင်းငုံလိုက်တာ ရှက်လို့မဟုတ်ဘူး
ရင်ထဲက လှိုက်တက်လာတဲ့မျက်ရည်ကို
မင်းတို့ကို မမြင်စေချင်လို့ပါ
ကျေးဇူးပြူပြီးရပ်ကြည့်မနေပါနဲ့
နာကျင်နေတဲ့ ဒဏ်ရာတွေ
မြင်သွားမှာဆိုးတယ် သူငယ်ချင်း ။
မေးမှမေးတက်တယ် သူငယ်ချင်းရာ
နေ က တော့ ပူ တာ ပေါ့
ဒါပေမယ့် မိုးကိုတော့ မရွာစေချင်ဘူး
ဒီဂျာနယ်တွေ မကုန်မှာဆိုးတယ်
ဒါပေမယ့် ရင်ထဲမှာတော့
မျက်ရည်မိုးသွန်းချနေတာ
စာသင်ခန်းကို ကျောခိုင်းခဲ့စဉ်ထဲကပါ ။
မေးမှမေးရက်တယ် သူငယ်ချင်းရာ
လည်ချောင်းနာတယ်တဲ့လား
နာတာပေါ့ အသဲခိုက်အောင်နာတာ
ဒီဂျာနယ်ကို ဒီလိုမှ အော်မရောင်းရင်
ည နေ ထ မင်း ဝိုင်း မှာ
ငရုပ်သီးမှုန့်အရောင်ပျောက်ကုန်မှာ
မင်း မှ မ သိ တာ ကွာ
လည်းချောင်နာတာထက်
အသဲထဲကနာတာ ပိုဆိုးတယ်သူငယ်ချင်းရာ ။
ဘာတဲ့ မျက်ရည်ဆိုတာ သက်သေတဲ့လား
မဟုတ်ဘူးသူငယ်ချင်း လုံးဝမဟုတ်ဘူး
အရွယ်မတိုင်မှီ လောကရဲ့မှတ်ကျောက်မှာ
တ ကျိ ကျိ နဲ့ မြည် အောင်
အတိုက်စားခံရလို့ ထွက်ကျလာတာ
နှ လုံး သွေး စစ် စစ် ပါ
နှလုံးသွေးစစ်စစ်ပါ သူငယ်ချင်းရာ ။
.•♥♥•.¸✽¸.•♥♥•.¸✽¸ဘဝသမားလေး✽¸.•♥♥•.¸✽¸.•♥♥•.
တကယ်ပါဆရာမရယ်
Labels:
poem
ရိုက်ပါဆရာမရယ် ရိုက်လိုက်ပါ
အ ချက် နှစ် ဆယ် မ က လို့
အချက်တစ်ရာဆိုလဲ ရိုက်လိုက်ပါ
ဒါပေမယ့် မြေဖြူကိုင်တဲ့
ဆ ရာ မ လက် ဖ ဝါး နု နု
သွေးခြေဥမှာတော့ဆိုးမိတယ် ။
စာသင်ခန်းဝမှာ ရပ်ကြည့်မိတာ
စာခိုးအံချင်ရုံသက်သက်ပါ
အဒိန္နာဒါနာကံကို မကျုးလွန်ရပါဘူး
သက်သေပြစရာဆိုလို့
ခဏ...ခဏ အကျလွယ်တက်တဲ့
မျက်ရည်တွေပဲရှိပါတယ်
ဆရာမခေါ်ခိုင်းတဲ့ မိဘဆိုတာ
ကျွန် တော် မှာ မှ မ ရှိ တာ
တကယ်ပါ....တကယ်ပါဆရာမရယ် ။
အသက်ရူသံတစ်ခု ပီပြင်ဖို့အရေးကို
အမှိုက်ပုံတွေကြားမှာ တိုးဝှေ့ရသူဆိုပေမယ့်
အဝေးက မကြာမကြာလွင့်လာတက်တဲ့
ဆရာမလေးရဲ့ ဆုံးမသံတွေကြားမှာ
ယဉ်ပါးနေသူတစ်ယောက်ပါ
လမ်းမှားကို မလျှောက်ဝံ့ပါဘူးဆရာမလေးရယ် ။
.•♥♥•.¸✽¸.•♥♥•.¸✽¸ဘဝသမားလေး✽¸.•♥♥•.¸✽¸.•♥♥•.
အဖေ့ကိုပြောပေးပါ
Labels:
poem
ငါက အဖေလား မင်းကအဖေလား
ဟုတ်ပါတယ် အဖေကအဖေပါ
ဒါပေမယ့် ဒါပေမယ့်ဗျာ
ကျွန်တော်သူငယ်ချင်းရဲ့အဖေက
ညနေဆို နေမဝင်ခင် အိမ်ကိုရောက်နှင့်ပြီ
ဘီယာဘားက ပန်းကုံးဖိုးနဲ့
ဆန်တစ်ပြည်တန်ဖိုး သူသိတယ်
သူကောင်းကောင်းသိတယ် အဖေ
ဘီယာတစ်ခွက်နဲ့ ဟင်းတခွက်ကို
သူ မ လဲ ဘူး အ ဖေ
မီးခိုးဖြစ်သွားတဲ့ ဆေးလိပ်ဗူးနဲ့
ဟင်းရွက်တစ်စည်းတန်ဖိုးကို
ခွဲခြားတက်တယ်အဖေ ။
အလုပ်ရဲ့ အဆင်မပြေမှုတွေကို
သားသမီးအပေါ် မမဲတက်ဘူး
အလုပ်ကပြန်ရင် မုန့်အမြဲပါတယ်
ဒါတွေကို သားမမျှော်ဘူးအဖေ
သားလိုချင်တာ အဖေ့ရဲ့အပြုံး
အဖေ့ရဲ့ နွေးထွေးတဲ့ အပြုံးပါ ။
သူတို့လည်း အဆင်မပြေပါဘူး
ဒါပေမယ့် သားသူငယ်ချင်းက
ကျောင်း စ တက် နေ ပြီ
သားကျောင်းတက်ချင်တယ်အဖေ
ကျောင်းမုန့်ဖိုးကို မတောင်းပါဘူး
သား...စာကြိုးစားကွာဆိုတဲ့
အားပေးစကားကိုတောင်းတတယ်
သားကျောင်းတက်ချင်တယ် အဖေ
သားကျောင်းတက်ချင်တယ် အဖေရယ်
မေမေ့ထံသို့
Labels:
poem
အမေ့မျက်ဝန်းရဲ့ မြို့ရိုးထောင့်မှာ
လောကဓံသိုက်တူးသမားတွေ
တူးဆွခဲ့လို့ ပုလဲလုံးတွေ ကြွေကျခဲ့တာ
ကံတရားရဲ့ ပေါက်ကရတေးသွားတွေကြား
ဘဝဇာတ်ကို ဟန်ချက်ညီအောင်ကနေတာ
သားသိတယ်အမေ ။
ပုံလျက်သား လဲကျသွားတဲ့ အမေ့ဇရာက
ကမ္ဘာကြမ်းပြင်ပေါ် ခွေကျလုနီးပါးပေမယ့်
အမေ့ မာနတွေနဲ့ကုန်းရုန်းထခဲ့တာ
သားသိပါတယ် အမေ ။
ဆာလောင်မွတ်သိပ်မှု့တွေနဲ့
ဖြန့်ခင်းတက်တဲ့ သားလက်ဖဝါးကို
နေ့ဖို့ညစာ အဖြူအမည်းမခွဲခြားပဲ
ဖြည့်တင်းပေးခဲ့တာ သားသိတယ်အမေ ။
ခဏလေးပါ ခဏလေးပါအမေ
အလှည့်ကျရင် မနွဲ့စေရပါဘူး
နာကျဉ်နေတဲ့ အမေ့ရဲ့အသည်းကို
ပီတိပန်းများပွင့်စေပါ့မယ် မေမေရယ် ။
ခ လု ပ် တို က် မှ
သားလူလေး ဘယ်နားနာသွားလဲလို့
အမေ့အသည်း စကားပြောတာမဟုတ်မှန်း
သား သိ တယ် အ မေ
ခလုပ်မတိုက်ခင်မှာထဲက
ရင်ခွင်ထဲထွေးပြီး စကားတွေပြောခဲ့တာ
ငယ်စဉ်ထဲက နားရည်ဝပြီးသားမို့
အမေမကြားလောက်ပေမယ့်
စကားလေးတစ်ခွန်းလောက်ပြောချင်မိတယ်
ချစ်တယ်မေမေ သားချစ်တယ်မေမေရယ် ။
သာမာန်သည်လူသား
တကယ်လို့များ ကျွန်တော်သာ
အဖြူရောင်ပန်းတစ်ပွင့် ဖြစ်ခွင့်ရခဲ့ရင်
အနက်ရောင် ပန်းလေးတွေက်ို
အနားမှာခေါ်ထားပြီး အလှဆုံးအပြုံးတွေနဲ့
အလန်းဆုံးပွင့်ဖူးစေမိမယ်....
တကယ်လို့များ ကျွန်တော်သာ
စင်ကြယ်ခြင်းဆိုတဲ့ အဖြူရောင်ကို
ပိုင်ဆိုင်ခွင့်ရခဲ့ရင်တော့
အနက်ရောင်းလေးကို သိမ်ငယ်မနေဖို့
ထွေးပွေ့ထားမိမယ်ထင်တယ်....
တကယ်လို့များ ကျွန်တော်သာ
အင်အားကြီးမားသူသာ ဖြစ်ခွင့်ရခဲ့ရင်
သိမ်ငယ်သူတို့ကို မှေးမှိန်မနေဖို့
လက်ယာဖက်လက်ကမ်းပြီး
တွဲယူ ဖေးမမိမယ်ထင်တယ် ....
ပန်းပါ ဟုတ်တယ်ပန်းပါ
သူလည်းပန်း ကိုယ်လည်းပန်းပါ
ကိုယ်ဖူးပွင့်ချင်သလို
သူလည်း ဝေဆာချင်ရောပေါ့
ပွင့်လိုက်ပါ အလှဆုံးအပြုံးတွေနဲ့
ဒီလောကကြီးကို အလှဆင်လိုက်ပါ....
မာန်မာနတဲ့လား ထားတက်မှပါ
ကျွန်တော် နေ့စဉ် မြိုမြိုချခဲ့တာ
အတ္တတွေ မဖြစ်ချင်မိဘူး
ဖြစ်ခွင့်တစ်ခုသာရရင်
ဒီလောကကို အပြာရောင်နုနုဆိုးပြီး
ပန်းတွေတိုင်းကို အလှဆုံးပွင့်စေမယ်
ကျွန်တော်ဟာ လူတွေထဲက လူသားမို့ပါ...
စီးဆင်းခြင်းမှတ်တိုင်
Labels:
poem
တကယ်လို့များသင်ဟာ မိမိကိုယ်မိမိ
အင်အားကြီးထွားသူလို့ ခံယူထားရင်
အားငယ်သူကို ဖေးမရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
မြင့်မြတ်သူလို့ ခံယူထားခဲ့ရင်
သိမ်ငယ်သူကို ငဲ့ကြည့်ရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
ဖြူစင်သူလို့ ခံယူထားခဲ့ရင်
အများရှေ့မှာ ပြုံးပြရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
လမ်းမှန်လျှောက်သူလို့ ခံယူထားရင်
လမ်းမှားသူကို လမ်းမှန်ပြရဲရမှာပေါ့
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
မေတ္တာရှင်လို့ ခံယူထားခဲ့ရင်
အရာအားလုံးကို ခွင့်လွှတ်နိုင်ရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
အရိပ်အာဝါသအောက်ခိုလှုံသူမှန်ရင်
နေပျောက်ထိုးတာ ခံနိုင်ရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
လူသားကောင်းတစ်ဦးလို့ ခံယူထားရင်
လောကကြီးကို အကောင်းမြင်ရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
ဖြောင့်မတ်သူအဖြစ် ခံယူထားရင်
တရားနည်းလမ်းကျစွာ တွေးခေါ်ရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
အလင်းရောင်အဖြစ် ခံယူထားမိရင်
အမှောင်ရှိခြင်းကို လက်ခံရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
ပညာရှိတစ်ဦးလို့ ခံယူထားခဲ့ရင်
ပညာမဲ့သူတို့ကို မျှဝေရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
အထက်တန်းစားလို့ ခံယူထားခဲ့ရင်
အောက်တန်းစားအလုပ်ကို ရှောင်နိုင်ရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
လူသားစစ်စစ်ပါလို့ ခံယူထားခဲ့ရင်တော့
လဲနေသူကို ထူပေးရဲရမယ်
အားငယ်ကို အားပေးရဲရမယ်
ကျရှုံးသူကို ဖေးမရဲရမယ်
ဝမ်းနည်းသူကို နှစ်သိပ့်ရဲရမယ်
နွမ်းပါးသူကို ပေးကမ်းရဲရမှာပေါ့.
အတိတ်က ခဲကောက်ကြောင်း
Labels:
poem
အတိတ်က ခဲကောက်ကြောင်း
ဘယ်သူမှန်းမသိလိုက်တဲ့
ပန်းချီဆရာတစ်ယောက်ရဲ့
ခဲကောက်ကြောင်းလေးတစ်ခုမှာ
အတိတ်တွေပြည့်နှက်နေတယ်
သူ့ကောက်ကြောင်းက ဝေဝါးနေလည်း
အတိတ်တွေက ပီပြင်နေမြဲ ပီပြင်နေစဲ.
ရင်ဖက်ခြင်းတူလို့ စီးဆင်းခွင့်ရတဲ့
အတွေးစီးမြောင်းမှာအမိရင်ခွင်ဟောင်းက
မနေ့တနေ့ကလိုလိုပါပဲ ခဲကောက်ကြောင်းရယ်.
ဒီနေ့ဟာ မနက်ဖြန်ရဲ့ မွေးဖွားခြင်းတဲ့
သေဆုံးသွားတဲ့အတိတ်တွေမှာ
ယုန်နှင့်လိပ် မယ်ထွေးလေး ပြီးတော့
ကိုရွှေကျားနဲ့ ရွှေသမင်တို့က
နားရည်ဝစွာ ဒီနေ့အထိ ရှင်သန်နေစဲ
အမေ့ရင်ခွင်ဖြစ် ပုံပြင်တွေပေါ့.
ဟုတ်တယ် အိမ်မက်ဟာ အိမ်မက်ပါ
ဒါဟာ လက်တွေ့မက်ခဲ့ဖူးတဲ့ အိမ်မက်ပါ
မိနစ်ပိုင်းလောက် ပြန်မက်ခွင့်ရရင်
ခဲကောက်ကြောင်းလေးထဲကလို
ခဏဖြစ်ဖြစ် အမိရင်ခွင်လေးထဲ
ကွေးကွေးလေး မှေးနေချင်လိုက်တော့တယ်
အို..ခဲကောက်ကြောင်းငယ်ရယ်.
ဒီလိုကောက်ကြောင်းတစ်ခု
အချိန်နာရီတွေထဲ ကျပျောက်သွာတာကြာပါပြီ
တွေ့လိုတွေ့ငြား ရှာနေမြဲပါ
ပြန်မတွေ့လောက်မှန်းလဲ သိပါတယ်
ဒါပေမယ့် အနာပေါ်တုတ်ကျသလို
ခဲကောက်ကြောင်းလေးက လာလာစွတော့
နှင့်သီးစွာနာကျင်မိတယ်
ခဲကောက်ကြောင်းထဲကလို ရင်ခွင်ဟောင်းရယ်
ဪ အမိရင်ခွင်ဟောင်းလေးရယ် ။
သေမင်းဆီသို့
Labels:
poem
ပုဇွန်ဆီရောင်တွေ ပြိုပြိုကျတာ
တစ်နေကွယ်တာတဲ့
သေချာပါတယ် သေမင်းနယ်ကို
ခြေတစ်လှမ်း ပန်းဝင်တာ
ငါမှမသိလိုက်တာ.
ငါမေ့မေ့ပျောက်ပျောက်နဲ့
ဆွတ်ခူးခဲ့တဲ့ နေဝင်ပန်းတွေ
ရင်မှာတထွေးကြီး ဪ တထွေးကြီးပါ.
တစ်ခါသေဖူးမှ ပျဉ်ဖိုးနားလည်ရမှာလား
မနေ့ညနေက နေအကွယ်မှာ
အသက်ရှူသံတချို့ သေဆုံးခဲ့တာ
ဒီအတိုင်း လက်လက်ဆက်ဆက်ရှိတုန်းပဲ.
ဒီနေ့ဟာ မနက်ဖြန်အတွက်တော့
တစ်ခန်းရပ် မွေးဖွားခြင်းတဲ့
အလီလီသေဆုံးသွားတဲ့ အတိတ်က်ို
အသုဘ လိုက်ပို့မယ့်သူမဲ့နေတယ်
သူတို့တွေရော ငါ့လိုပဲ အတိတ်တွေက
သေရော သေကြရဲ့လား.
ရေးရေးတွေးမိရုံလေးပါ
နာရီပေါ်ကစက္ကန့်လက်တံတွေ ကခုန်တိုင်း
အစမ်းသေပေးလိုက်ရတဲ့ အသက်ရှူသံက
နောက်ဖက်မြို့ရိုးမှာ ထိုးကျသွားတဲ့
နေမင်းကို ဆည့်ယူဖို့ မစွမ်းလေးတော့
အို...ကွယ် သေမင်းနယ်သို့
ခြေတစ်လှမ်းဝင်လိုက်အုံးပေါ့
ဇရာရယ် လှမ်းလိုက်အုံးပေါ့ကွယ်...။
အမှားနဲ့အမှန်
Labels:
poem
မောင်ကကျွန်မကို အကြည့်စူးစူးတွေနဲ့
ညှို့အားကောင်းစွာပဲ စတင်ပြုစားလိုက်တယ်
ပြီးတော့ မြွေကြီးတစ်ကောင်လို တစ်စတစ်စ
ရစ်ပတ်သိုင်းလ်ိုက်တယ် အနမ်းတွေကတော့
ကျွန်မမျက်နှာဖူးဖူးပေါ် ကျရောက်လျှက်ပေါ့
အသိစိတ်ကတော့ တားနေပါတယ်
ဒါပေမယ့် အချစ်ဆိုတာနောက်ကိုတော့
မလိုက်ရဲလိုက်ရဲနဲ့ ကောက်ကောက်ပါမိတာ
မောင့်ရဲ့ ညှို့အားကြောင့်ထင်ရဲ့
အလိုက်သင့်စီးမျောရင်းနဲ့
မောင်ကကျွန်မကို အချစ်ကမ္ဘာတစ်ခုဆီသို့
ဦးဆောင်ခေါ်သွားတယ်
အသိတရားကတော့ ပူးလိုက်ကပ်လိုက်ပါပဲ
အလန့်တကြားနဲ့ အသိတရားဝင်လာချိန်မှာတော့
မို့ယာထက်မှာ ကျွန်မဘဝက
မျက်ဝန်းကတဆင့် အလိပ့်လိုက် ခုန်ချနေပြီ
မျက်ရည်တွေပေါ့ ဟုတ်တယ် မျက်ရည်တွေ
နောက်ဆုံး မောင့်စကားခွန်းက
မှတ်မှတ်ရရကြားလိုက်တာက
ချစ်တယ် ချစ်တယ်ကွယ် ချစ်ရယ်တဲ့
မဝေခွဲမိတာက အမှားလား အမှန်းလား
သေချာတာကတော့ ကျွန်မသူ့ကိုချစ်တယ်
မလိုက်သင့်ပဲ လိုက်ခဲ့မိတဲ့
မောင်ခေါ်ရာ အချစ်ကမ္ဘာဆီက
အတွေ့အကြုံသစ်အတွက်တော့
မို့ယာထက်မှာ မျက်ရည်တွေက
အရွှဲသားနဲ့ ကျွန်မသိက္ခာတွေ
ပုံလျှက်သား ထိုးကျခဲ့ပြီရှင်......
ကံတရားပဲပေါ့ဗျာ
Labels:
poem
သူတို့ ထင်းခွေနေစဉ်တုန်းကပေါ့
တောင်ကတုံးတွေပေါ်မှာဆုံခဲ့တယ်
ဖာသည့်ဖာသာ နေသာသလိုပါပဲ
လက်ပိုက်ကြည့်နေခဲ့မိတယ်
ကံတရားကို အပြစ်ဖို့လျှက်ပဲပေါ့
သူတို့ တောင်ကတုံးတွေပေါ်
မိုင်းယမ်းတွေကပ်ပြီး
မြန်မာပြည်မြေပုံကို ဖဲ့ဖဲ့ပြီးယူနေတုန်း
ဆုံဖြစ်အောင်ဆုံခဲ့သေးတယ်
ဒါပေမယ့် လက်ပိုက်ကြည့်နေမြဲပါပဲ
ဪ.... ကံတရားပဲပေါ့
သူတို့ မြစ်ကြီးတွေ တစ်စင်းပြီးတစ်စင်း
ခါးလည်ကပိုင်းဖြတ် ကန်သင်းတုပ်နေတုန်း
ငါရေခပ်ဆင်းနဲ့ ဆုံဖြစ်လိုက်တယ်
တိတ်တဆိတ်ပါပဲ မသိသလိုပဲနေမိတယ်
ဘာတက်နိုင်မှာလဲ ကံတရားပဲပေါ့
သူတို့ မြို့လည်ခေါင်မှာ ခန့်ငြားစွာနားနေဖို့
ငါတို့ မြို့ပြင်ကို ထွက်ပေးခဲ့ချိန်မှာ
တိုက်ဆိုင်စွာပဲ မျက်နှာချင်းဆိုင်ဆုံခဲ့ကြတယ်
ငါ့နှုပ်ခမ်းတွေက စွံ့အနေမြဲပဲ
ဘာတက်နိုင်မှာတဲ့လဲ ကံတရားပဲပေါ့
ဘာတက်နိုင်မှာလဲ မဟုတ်ဘူးလား
တကယ် ဘာမှမတက်နိုင်ခဲ့တာ
နောင်လာနောင်သားအတွက်ဆို
နီကျင်ကျင် မြေပုံစာရွက်အဟောင်းထဲ
မာနတွေကို အတင်းထိုးသ်ိပ်ပြီး
ကဲ မင်းတို့ကြည့်ကြ
ဒါ တို့ခေတ်က မြန်မာပြည်ဆိုတာပဲပေါ့ဗျာ ။
ညီမျှခြင်းလေးပေးပါ
Labels:
poem
ဘုရားရေ ဒါဟာဘဝတဲ့လား
ညီမျှခြင်းတွေက အခြားကြီးခြားလို့
မျှတခြင်းတို့ဆိုတာ အဝေးကြီးဝေးဆဲ
သောကတွေပူလို့ မေတ္တာမိုးက်ိုမျှော်တာ
လောကမိုးရည်စက်တွေက
အသည်းကြီးသည်းလိုက်တဲ့ဖြစ်ခြင်း
ရင်လှိုက်သည်းစွာ ငိုကြွေးခြင်းကို
သူဖေးမဖို့ရာ မစွမ်းသာလို့ထင်ရဲ့
သိတက်စထဲက ဒီငွေတွင်းကို
တစိုက်မက်မက်တူးခဲ့တာပါ
ဝမ်းတစ်ထွာအတွက် တူးခဲ့မိတာ
ဒီငွေတွင်းက တူးလေနက်လေပါပဲ
အားတော့တင်းထားပါတယ်
ဒီလောက ဘဝစာသင်ခန်းကို
မျက်ရည်တွေနဲ့ရင်းပြီ သင်ယူနေဆဲပါ
ရထားတဲ့သင်္ခန်းစားတွေက ခါးသီးနေလည်း
တစ်ချိန်ချိန်မှာ ချိုမြိန်လာနိုးနိုးပေါ့
သူတို့လိုလေ ဇိမ်ခံကားကြီးလည်း
အလိုမရှိခဲ့ရပါဘူး ဒါအမှန်ပါ
တိုက်ကြီးတာကြီးဆို ဝေလာဝေး
ဝမ်းဝရုံလေးနဲ့ နပ်မှန်ရုံလေးသာသာ
တောင်းဆိုမိတာ တောင်းဆိုမိတာပါ
တော်ပါပြီ မိုးမင်းရယ်
ခိုက်ခိုက်တုန်အောင် ချမ်းလှပါပြီ
မစာနာရင်နေပါစေတော့ ညှာတာပါအုံး
ငါ့မှာ အပြိုင်ငိုကြွေးဖို့ မျက်ရည်တွေက
မျက်ရည်တွေကလေ ကုန်ခန်းလုပြီ
မနက်ဖြန်ငိုဖို့ရာ သိမ်းဆည်းထားပါရစေအုံး
သိမ်းဆည်းထားပါရစေအုံး မိုးမင်းရယ်...။
နှပ်ကြောင်းမပါတဲ့ အက်ကွဲကြောင်း
Labels:
poem
ရွာအဝင်လမ်းရဲ့ ညောင်ပင်ရိပ်က
သောကတစွန်းတစ အပူမီးကို
ဖြေဖျောက်ဖို့ရာ မစွမ်းသာခဲ့ပါဘူး
သား ဘာထိုင်လုပ်နေတာလည်းလို့
ဘယ်သူကမေးမေး မငြီးငွေ့အောင်
ဖြေခဲ့ရတဲ့ အဖြေတခုက သားဖေဖေနဲ့
သားမေမေကို မျှော်နေတာပေါ့
မမေးပဲ ဖြေချင်တဲ့စကားတခွန်းက
ဖေကြီးနဲ့မေကြီးက ဟိုးးးးးအဝေးမှာ
အလုပ်သွားလုပ်နေတဲ့အကြောင်းကိုပေါ့ ။
ဘဝအတွက် စလွယ်ဝင်အိုးဆိုလို့
လေလှိုင်းထဲမှာသာ အသံကြားဖူးပြီး
ဖြူသလားမဲသလားဆိုတာသိရရုံ
ကာလာမဲ့တဲ့ ဓါတ်ပုံအဟောင်းနဲ့
ဖိုးဖိုးဖွားဖွားတို့ရဲ့ ရင်ခွင်ကောင်းကလွဲလို့
လွမ်းစရာဆို ဘာဆိုဘာမှ မချန်ရစ်ခဲ့ဘူး ။
ဖုန်းဆိုင်နားက ဆိုင်ကယ်သမား
အိမ်ဖက်ဦးတည်လာတိုင်း ရင်ခုန်စွာနဲ့
ဖေဖေမေမေတို့ဆီက ပြန်လာဖို့
ဖုန်းများလားလို့ တွေးမိပါရဲ့
သို့သော်ငြားလည်း အတွေးမျှသာပါ
အဖော်တွေကြား ဖေကြီးမေကြီးလက်ကိုတွဲ
ငါ့ဖေဖေနဲ့ မေမေကွလို့ ကြွားဝါချင်စိတ်က
စက္ကန့်တွေတိုင်းပါ ။
ဖွားဖွား အခုတလော မေမေတို့ဆီက
ဖုန်းမလာတာကြာပြီနော်လို့
သိပြီးသားမေးခွန်းကို မေးလိုက်တိုင်း
သက်ပြင်းငွေ့ငွေ့ချသံနဲ့အတူ
ရလိုက်တဲ့ အဖြေစကားတခွန်းက
သူတို့ အဆင်မပြေကြလို့ထင်ပါရဲ့တဲ့ ။
အိမ်ရှေ့က ဆိုင်ကယ်ဟွန်းသံကြောင့်
ဖုန်းဆိုင်ကများလားလို့ ရင်ခုန်မိတယ်
ညက အဖျားကြောင့် အိပ်ရာက
မထနိုင်ပေမယ့် အာရုံတွေက
ကြားသမျှအသံကို နားစွင့်နေမိတယ်
ဖွားဖွားရဲ့ သမီးဆိုတဲ့ ငိုသံနဲ့အတူ
မေမေတို့ ပြန်လာပြီဆိုတဲ့အသိကို
ဦးဏှောက်က နှလုံးသားကို
စီးဆင်းစေခဲ့တယ် မကြာပါဘူး
နွေးထွေးတဲ့ အထွေးအပွေ့ကို
ထိတွေ့ခံစားလိုက်ရတယ်
ပျော်ရွှင်ခြင်းတွေသယ်ဆောင်လာတဲ့
အိမ်ရှေ့က ဆိုင်ကယ်ဟွန်းသံလေးကို
ကျေးဇူးတွေ အခါခါတင်မိတယ် ။
ရင်းနှီးတဲ့ မေမေရဲ့ မျက်နှာစိမ်းကိုမူပြီး
ဖေဖေရောလို့ မေးမိပါတယ်
မျက်နှာပေါ် တလိမ့်လိမ့်ကြွေကျလာတဲ့
မျက်ရည်မိုးတွေ သောကတွေပါသည်းလို့ ။
မကြားတချက် ကြားတချက်နဲ့
နောက်ဆုံး စကားတစ်ခွန်းက
သားဖေဖေ ဟိုဖက်နိုင်ငံမှာ
အိမ်ထောင်ကျသွားပြီဆိုပဲ
လောကကြီးရယ် တရားမှတရားရဲ့လား
ငါ့အတွက် စလွယ်ဝင်အိုး အိုးမဖြစ်ခင်ထဲက
နှပ်ကြောင်းမပေးပဲ အက်ကြောင်းတွေနဲ့
တစဆီကွဲခဲ့ရပြီပေါ့ အော် လောကကြီးရယ်
တရားမှတရားလေရဲ့လားကွယ် ။
မူမမှန်တဲ့ချစ်သူ
အလွမ်းတွေဝေတဲ့
နွေဥသြရဲ့ ခြူ သံတွေကြား
ကာ လာ မ စုံ တဲ့
အပူပန်ချီကားတစ်ချပ်လို
တစ်ခန်းရပ်ပြဇာတ်က
ဒီမှာပြီးပြီထင်ပါရဲ့...
နင်နဲ့ပက်သက်လို့ငါရရှိမှာ
သေခြင်းတရားဆိုရင်တောင်
ငါအပြုံးမပျက်ဘူး...ချစ်သူ
ဒါပေမဲ့...
ချစ်သလို မချစ်သလိုနဲ့
နင်ငါ့ကို မကစားဖို့ကြိုပြောချင်တယ်...
အမှောင်ထဲကလူ
အလင်းကို တောင့်တပေမဲ့
နင်ကမ်းတဲ့လက်က
ကရုဏာလက်ဆိုရင်တော့
ဆောရီးပါချစ်သူ...မတွဲနိုင်ပဲနဲ့
နင် လက်မကမ်းပါနဲ့
ငါတစ်ယောက်တည်းသေပါရစေ...
ကျွန်တော်နှင့်ညီမလေး
Labels:
Pome
သေသေချာချာဖက်ထားပါညီမလေး
အရှေ့မှာ လမ်းတွေကြမ်းတယ်
ဆားပွင့်နေတဲ့ အကိုယ့်ပခုံးတွေ
တံတိုင်းကြီးလို မခိုင်မာပေမယ့်
ဒီလောကကို ကျင့်သားရနေပါပြီ
ယုံကြည်စွာဖက်တွယ်ထားပေါ့ကွယ်....
ခေါင်းကိုမော့ထားလိုက်ပါ
အရှေ့မှာ စောင့်ကြိုနေတဲ့
အထင်သေးတဲ့မျက်ဝန်းတွေအတွက်
အားပါးတရ ပြုံးလိုက်စမ်းပါ
ဒီအပြုံးတွေနဲ့ ခရီးဆက်ကြမယ်....
မငိုပါနဲ့ညီမလေး ငိုလိုက်ပါနဲ့
လှောင်ပြောင်နေတဲ့ ကဲ့ရဲ့သံတွေအတွက်
ဟော့ ဒီ ရင် ဘတ် ထဲ မှာ
မျက်ရည်တွေက ကုန်ခမ်းလုပါပြီ
အားတင်းထားပါ မနက်ဖြန်တိုင်းတော့
မခါးသက်လောက်ပါဘူး.......
မျက်ရည်မကျလိုက်ပါနဲ့
ဘဝဆိုတာ ချိုတဲ့အခါချိုသလ်ို
ခါးတဲ့အခါလည်း ခါးအုံးမှာပေါ့
လောကဓံမှတ်ကျောက်ဆိုတာ
တို့မောင်နှမအတွက်တော့
ဓါးသွားထက်က ပျားရည်စက်ဆိုရင်
နေပါစေ ဆားနဲ့ပဲစားကြတာပေါ့ကွာ
တောက်ပတဲ့မနက်ဖြန်ဆိုတာ
ငါ့တို့အတွက်တော့
တစ်ထောင့်တစ်ညပုံပြင်လိုဆိုရင်
မျှော်လင့်ချက်ရှိပါသေးတယ်ကွာ
ရှင်သန်ခွင့်
Labels:
poem
မြစ်တစင်းက ဆိုတယ်
တကယ်ဆို အိပ်ငွေ့မိတဲ့
အနာဂါတ်ညတွေမှာ
အခါးသီးဆုံး
ပြဇာတ်တပုဒ်အတွက်
အဖာတစ်ရာဖြစ်နေတဲ့
ငါ့ရင်ညွှန့်ထပ်က
အရိုးခေါင်းတွေနဲ့အတိပြီးတဲ့
တာ တ မံ တွေ ကို
မျက်စိတမှိတ်စာလောက်
ခဏလေးဖြစ်ဖြစ် ဖယ်ရှားပေးပါ
ကကြိုးရှုပ်တဲ့ မြစ်တစင်းဘဝက
လွတ်လတ်စွာ ရှင်သန်ချင်လို့ပါ ။
~~ သူစိမ်းသက်သက်ပါ ~~
Labels:
poem
အတ္တတွေနဲ့သီထားတဲ့ရှေ့ရေးမှာ
မျှော်လင့်ချက်တစ်ခုအတွက်
ရေကြည်ရာမြက်နုရာသို့
ခြေတစ်လှမ်းချမိလိုက်တာ
စိမ်းသက်သက်အထိအတွေ့က
ရင်ဝကို ခရီးဦးကြိုနှင့်ပြီ
အပျော်ခရီးတော့ မဟုတ်ခဲ့ဘူး
အိမ်မက်တစ်ခုအတွက် ခရီးနှင်ခဲ့တာ
က်ိုယ်မကျင်လည်တဲ့ ပတ်ဝန်းကျင်က
တစ်ကယ်ကို အရာရာတိုင်းက
အစိမ်းသက်သက်ပါ
မျက်ဝန်းတွေက ချိုးနှိမ်ဖို့ ကြိုလင့်ပြီး
လေရူးရဲ့အထိအတွေ့က ရွံရှာသလ်ိုလို
အစားအသောက်တွေက
ရင့်သီးစွာပဲ မတူမတန်သည့်ဟန်ပန်
ခါးသီးတဲ့ အထိအတွေ့တွေက
နေရာတိုင်းမှာ ပြန့်ကြဲနေလျှက်ပါပဲ
မချိုမြိန်တဲ့ စကားသံတွေနဲ့
သူတို့လက်ညှိုးညွှန်ရာရေဖြစ်ဖို့
အရည်ပျော်ပေးလိုက်ရတာ မာန်မာနတွေပါ
တောမမှောက်ပဲ တောခြောက်တဲ့ဘဝဇာတ်
ဒီရင်ဘတ်နဲ့ရင်းပြီး ရေးချလိုက်တိုင်း
စာပုဒ်တွေက မာကျောလာတယ်
ဟားတိုက်ရယ်မောလိုက်တိုင်းလည်း
ခြောက်ကပ်ကပ်အရသာတွေက
အသိတရားမှာ စွဲမြဲနေဆဲပါပဲ
နောက်ဆုံးတော့ ကိုယ်မခုတ်လိုက်ဓါးမှာ
လက်ဝင်လျှိုလျှက်သား စီးမျောမိတာ
သူများတံတွေးခွတ်ထဲမှာပါပဲ ။
သောကနှင့်လူ
Labels:
Pome
ဆောင်းနှင်းတွေ ဝေလာတဲ့အခါ
အနွေးထည်ကလေး အထီးမကျန်တော့ပါဘူး
နွေနေပူလောင်တဲ့အခါ
ထီးကလေးအဖော်မမဲ့တော့ပါဘူး
မိုးပေါက်ကလေးတွေ
ကမ္ဘာမြေပေါ် ကခုန်ကြတဲ့အခါ
မိုးကာအင်္ကျံလေး မင်ိုရှိုက်တော့ပါဘူး
ဒါပေမယ့် ဘဝတွေအေးစက်လာတဲ့အခါ
နွေးထွေးမှု့က ဝေးလွင့်နေမြဲပဲ
သောကတွေပူလောင်တဲ့အခါ
အေးမြခြင်းတွေ စည်းခြားနေမြဲပဲ
မျက်ဝန်းမှာ မိုးသည်းထန်တိုင်း
နှစ်သိပ့်ခြင်း ပျောက်ဆုံးနေမြဲပဲ
တောင်းတမိတိုင်း ပျက်သုန်းကုန်တာ
ဘဝတဲ့လာ ဒါဟာဘဝတဲ့လား
တော်ပါပြီ မနက်ဖြန်ရယ်
ရှင်သန်ခြင်းတွေ ရုပ်သိမ်းပါတော့ကွယ် ။
ငယ်ဘဝကိုငေးမောမိစဉ်
Labels:
pame
သူငယ်ချင်း ငါတို့ဒီမြေနီလမ်းလေးကနေ
တစ်ယာက်လက်ကို တစ်ယောက်တွဲပြီး
စာသင်ကျောင်းလေးဆီ ချီတက်ခဲ့ဖူးတယ်
တနေကုန်အောင် စာတွေအံလို့အပြီး
အချိန်တန်လို့ အိမ်ပြန်တော့လည်း
မမောနိုင်မပန်းနိုင် ဒီမြေနီလမ်းလေးမှာ
ဖုံတွေ တထောင်းထောင်းထအောင်
ဇောင်းထဲကမြင်းလွတ်လာသလိုမျိုး
မြူးတူးရင်း ခုန်ပေါက်ပြေးလွှားခဲ့မိတာ
အပြစ်ကင်းစင်တဲ့ ကလေးဘဝမို့
ဒီမြေနီလမ်းလေးက ဗွေမယူခဲ့ဘူး
ကျောင်းပိတ်ရက်တွေဆို
ဒီမြေနီလမ်းလေးကိုဖြတ်ပြီး
လယ်ကွင်းပြင်ထဲက ရေကန်ကြီးဆီသို့
အလုအယက် သုတ်ခြေတင်
ဒိုင်ပင်ထိုးလိုက်တဲ့ပုံများ
ကမ္ဘာမြေလောကကြီးကို
အမေ့ကြီးမေ့ခဲ့တာ
အတွေးတွေထဲ မနေ့ကလိုပါပဲ
အပျော်ကြီးပျော်ခဲ့ကြတာ
လယ်စောင့်တဲလေးနဲ့ စာခြောက်ရုပ်က
မနာလို ဖြစ်ရလောက်အောင်
တို့တတွေ မျောက်ရှုံးခဲ့ကြတယ်
ကြာရိုးတွေလှိုင်လှိုင်ပိုက်ပြီး
ဒီမြေနီလမ်းလေးကိုနင်း
အိမ်အပြန်ခြံအဝမှာ
တုတ်တစ်ချောင်းနဲ့ စောင့်နေတဲ့
မေကြီးကို မျက်နှာချိုသွေးဖို့
မှိုနတိုငွေရောင်ဖျော့ဖျော့နဲ့
ကနဖေါ့ကြာရိုးဖြူဖြူကို ရင်မှာပိုက်
ငါးတစ်တွဲကို လက်မှာဆွဲရင်း
အလှဆုံး အပြုံးတွေကိုဆင်ပြီး
သူ့အိမ်သူဝင် ငါ့အိမ်ငါဝင်
အဆူအငေါက်ကို တိမ်းရှောင်ရင်း
ငယ်မူကို ဖော်ကျူးခဲ့ကြတယ်
ရေမိုးချိုး ညစာစားပြီး
တနေကုန်မောပန်းခဲ့သမျှကို
ခေါင်းအုံးပေါ်မှာ သရေလေးယိုခဲ့ကြတာ
မင်းတို့လည်း ငါ့လိုပဲထင်တယ်ကွာ ....
ကျတော့်ရဲ့ သူရဲကောင်း
Labels:
Pome
သမိုင်းမကောင်တဲ့ နေ့စွဲတွေမှာ
လူလောကထဲ တိုးဝင်လာတဲ့မင်းကို
လက်ယက်ခေါ်မိတာ မှားမိပြီ
ဒါပေမယ့် မင်းစိတ်မပူနဲ့ အဖေရှိတယ်
ပိုးစုန်းကြူးငယ် သေးငယ်ပေမယ့်
လမိုက်ညလို နေ့ရက်တွေမှာ
အလင်းတစ်စတော့ ပေးစွမ်းနိုင်ပါတယ်
မင်းဘဝရဲ့ကောင်းကင်
အမိမဲ့သားမို့ အားမငယ်နဲ့
ဒီရင်ဘတ်ထဲ အသာတိုးလို့ဖက်ထား
လောကထဲ အဖေရှိပါသေးတယ်
ခြေလှမ်းတွေ ပြိုမကျသေးသ၍
မနက်ဖြန်ဆိုတာ ရှိပါသေးတယ်
အရမ်းဆာလောင်နေရောပေါ့သားငယ်
ရှေ့တစ်ပြလောက် လမ်းလျှောက်အုံးမယ်
စာနာတက်တဲ့သူတွေ ဝယ်ကြအုံးမှာကွာ
ကံကိုတော့ ရိုးမာန်မဖွဲ့ချင်ဘူး
နာနေစကားလုံးတွေ သားကြားမှာဆိုးတယ်
မှေးနေတဲ့သားငယ် လန့်မနိုးခင်
လှမ်းလိုက်အုံးပေါ့ ရှေ့တစ်လမ်းဆီသို့ ....
မျှတပါလေစ အိုလောကရယ်
Labels:
Pome
နင်ငါ့ကိုကျော်သွားပါ ကျော်သွားပါဟာ
စာနာတက်တဲ့နင့်မျက်ဝန်းတွေ
မမြင်သလိုသာနေပေးလိုက်ပါ
ခါးသီးခြင်းတွေ နင့်ကိုမမြင်စေချင်ဘူး
နာကျဉ်ခြင်းတွေ ကူးစက်မှာဆိုးမိတယ်
သောကတွေသီပြီး စာစီနေတာပါ
ချိုတစ်ခါ ခါးတစ်လှည့်ဆိုခဲ့ပေမယ့်
မနက်ဖြန်တိုင်းရဲ့ စက္ကန့်တွေမှာ
ဒဏ်ရာတွေကြီးဆိုးနေတာ
နင့်အသိတရားထဲ တိုးဝင်သွားမှာဆိုးလို့
ငါ့ဘဝကို မြင်အောင်မကြည့်ပါနဲ့
ကျော်သွားလိုက်ပါတော့ဟာ
မျက်ရည်တော့မကျလိုက်ပါနဲ့
နင်စာနာတက်မှန်းသ်ိတယ်
ဒါပေမယ့် ငါ့အတွက်တော့
နင့်ရဲ့အကြင်နာမျက်ဝန်းတွေက
မီးတစ်စလို ပူလောင်စေတယ်
နင်နဲ့ငါ အရွယ်တူတွေလေ
ဒါ နင်မသိလို့လား နင်မသ်ိလို့လားဟာ
လှည့်မကြည့်ပါနဲ့ ကျော်သွားလိုက်ပါ
မတူညီတဲ့ ဘဝနှစ်ခုကို
စိတ်ကူးနဲ့ ယှဉ်မကြည့်ဖြစ်အောင်
နင်သွားလိုက်ပါတော့ဟာ ...
တရားခံတစ်ဦးရဲ့ရှိုက်သံ
Labels:
Pome
အပြင်မှာ အရမ်းအေးနေပြီအမေ
ခွေးတွေကလည်း ဟောင်နေပြီ
နေဝန်းကလဲ ရှောင်ပုန်းတော့မယ်
သားအရမ်းကြောက်တယ်အမေ
ဒီလိုမလုပ်ပါနဲ့အမေရယ်
အဖေ့ကို စိတ်နာရုံသက်သက်နဲ့
ကျွန်တော်ဘဝကို ထိုးမချပါနဲ့
ဒီလောကအကြောင်းကို
သားမသိသေးဘူးအမေ
ဟုတ်တယ်အမေ
ကျွန်တော်ဘဝမီးအိမ်က
လင်းရုံသာ လင်းခဲ့တာ
ထိန်ထိန်သာခွင့် မဲ့နေပြီ
အမြန်လာခေါ်ပါတော့
လောကကြီးတစ်ခုလုံး
အမှောင်ဖုံးလွှမ်းတော့မယ်
သားကြောက်တယ် အမေရယ်
လောက သင်ခန်းစာတွေ
သား မသိသေးဘူးအမေ
အတောင်မစုံခင်
ကံကြမ္မာရိုင်းတွေရဲ့ကြား
ဆင်ကန်းတစ်ကောင်လို
သားတောမတိုးချင်ဘူး
လာခြင်းကောင်းသော
နေ့သစ်တွေအတွက်
ကြိုတင်အရောင် မဆိုးပါနဲ့
သားဘဝက အဖြူထည်မို့ပါ
ပြည့်နေတဲ့မျက်ဝန်းအိမ်မှာ
ဘောင်ဘင်ခတ်နေတဲ့
ကျွန်တော်မျက်ရည်တွေက
ဖိတ်တဝက်စင်တဝက်
ထစ်ကနဲ့ဆို တာကျိုးသလိုမျိုး
မျက်ဝန်းထောင့်မှာသောကတွေ
လှိုက်လှိုက်တက်လာတာ
အမေ မသိလေလျော့သလား
သိလျှက်ပါပဲ နင်းချေခဲ့သလား
မလုပ်ပါနဲ့ အမြန်လာခေါ်လှည့်ပါ
အပြင်မှာမှောင်ရိပ်သန်းနေပြီ
သားကြောက်တယ် အမေရယ်
ထွက်ပေါက်တဲ့လား
Labels:
Pome
ရိုက်ပါအဖေ ရိုက်လိုက်ပါ
အဆင်မပြေတဲ့ စီးပွားရေးမှာ
ကျွန်တော်ကတရားခံမဟုတ်ဘူး
...ဒါ....ပေ...မယ့်...
အဖေစိတ်ပြေမယ်ဆိုရင်ပေါ့လေ
အားကုန်သာလွှဲပြီး ရိုက်လိုက်ပါ
မချော့နဲ့အဖေ မချော့ပါနဲ့
အသည်းမှာ အရှိုးရာတွေ
အထင်ကြီးထင်နေတာ
လောကလမ်းကိုလှမ်းလျှောက်ဖို့
ဒဏ်ရာဆိုးဆိုးတွေက
လမ်းမှားကိုတွန်းပို့နေပြီ
ခြေရာတိုင်းတာ မဟုတ်ဘူး
ဒါ လူသားတစ်ယောက်ဖြစ်တဲ့
ကျွန်တော့မှာလည်း
စိတ်ခံစားချက်ရှိတယ်
နာကျင်တက်တဲ့ သည်းခြေနဲ့ပါ
တောင်းပန်တယ်အဖေ
ပိတ်ဆို့နေတဲ့ စီးပွားရေးမှာ
အဖေတွေးတဲ့ ထွက်ပေါက်က
ညတိုင်းမူးနေတယ်
ကျွန်တော်တောင်းပန်တယ်
မူးလာတဲ့နေ့ အိမ်ကိုပြန်မလာပါနဲ့
ပတ်ဝန်းကျင်ကမေးတွေ
အငေါ့ကြီးငေါ့နေပြီ အဖေရယ်
ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား
တောက်တီးမြည်တဲ့ တိုင်းထွာသံ
အဲ့ဒီတိုင်းထွာသံတွေကြားမှာ
ပတ်ဝန်းကျင်က လွင့်လာတဲ့
တံတွေးစက်တွေ အသည်းနံရံမှာ
လှိုင်းခတ်လို့ ပဲ့ကြွေတော့မယ်
အမြဲလ်ိုလို မူးရူးနေတာ
ထွက်ပေါက်တဲ့လား အဖေရယ်
Subscribe to:
Posts (Atom)